ငမိုးရိပ်ချောင်း သောင်တူးဖော်ခြင်းလုပ်ငန်း

 ၂၀၂၃ခုနှစ်၊ အောက်တိုဘာလဆန်းတွင် မိုးရွာသွန်းမှုများပြားခြင်းကြောင့် ရန်ကုန်တိုင်းဒေသကြီး လှည်းကူး မြို့နယ်၊ဒဂုံမြို့သစ်(အရှေ့ပိုင်း)၊ (မြောက်ပိုင်း)မြို့နယ်များ၊ မြောက်ဥက္ကလာပမြို့နယ် နှင့် တောင်ဥက္ကလာပမြို့နယ်များတို့တွင် ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့ပြီး ရေကြီးရေလျှံမှု လျော့နည်း သက်သာစေရေးအတွက်  ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ငမိုးရိပ်ချောင်းသောင်တူးဖော်ခြင်း လုပ်ငန်းများကို ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာနတို့နှင့် ပူးပေါင်း၍  ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ(၁၂)ရက်နေ့မှ စတင်ဆောင်ရွက်နေခြင်း ဖြစ်ပါသည်။

ငမိုးရိပ်ချောင်း ရေကြီးရေလျှံမှုလျော့နည်းစေရေး သောင်တူးခြင်းလုပ်ငန်းအား ငမိုးရိပ် ရေထိန်း တံခါးမှ ငမိုးရိပ်ချောင်းဆုံအထိ အလျား(၂၃၀၀)ပေနှင့် ငမိုးရိပ်ချောင်းအတွင်း အလျား (၁၀၀၀၀)ပေကို ဆည်းမြောင်းနှင့်ရေအသုံးချစီမံခန့်ခွဲရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးရုံးမှ ဆောင်ရွက်လျက်ရှိပြီး ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှာ ရွှေပေါက္ကံတံတားမှ အထက်ဘက်စုစုပေါင်းအလျား(၂၅၀၀၀)ပေတွင် တူးဖော်နေခြင်းဖြစ်ပါသည်။ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ (၂၀၂၃-၂၀၂၄) ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း ရန်ပုံငွေကျပ် (၁၃၅၄.၀၁၂)သန်းဖြင့် အလျား(၂၅၀၀၀)ပေ၊ အောက်ခြေအကျယ်(၁၀၀)ပေ၊ တူးဖော်မည့်ပမာဏ (၆၇၂၇၁၀) ကုဗမီတာကို နိုင်ငံတော်ပိုင်သောင်တူးသင်္ဘောကြီး(၂)စင်းဖြင့် (၁၂.၁၁.၂၀၂၃)ရက်နေ့မှစ၍  တူးဖော်ဆောင်ရွက်လျက်ရှိရာ ယခုအခါ အလျား(၁၂၅၀)ပေခန့် ဆောင်ရွက်ပြီးစီးပြီဖြစ်ပါသည်။