အခြား

ပို့ဆောင်ရေးဝန်ကြီးဌာန၊ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာနနှင့် Stockholm Environment Institute(SEI) တို့အကြား ဧရာဝတီမြစ် အနာဂတ် ဖွံ့ဖြိုးတိုးတက်ရေး အတွက် ၂၀၁၅ ခုနှစ်အတွင်း ပူးပေါင်းဆောင်ရွက်ရန် နှစ်ဘက်ညှိနှိုင်းအစည်းအဝေးကို(၂-၂-၂၀၁၅) ရက်နေ့ တွင် နေပြည်တော်၌ ကျင်းပခဲ့ရာ နှစ်ဘက်စလုံးမှ တာဝန်ရှိသူများ တက်ရောက် ဆွေးနွေးခဲ့ကြ ပါသည်။ ဆွေးနွေးပွဲတွင် ၂၀၁၄ ခုနှစ် အတွင်း လုပ်ငန်းဆောင်ရွက် အောင်မြင်မှုများ၊ ၂၀၁၅ခုနှစ် အတွင်း ဆက်လက်ပူးပေါင်း ဆောင်ရွက်နိုင်မည့် လုပ်ငန်းများ၊ မြစ်ဝှမ်းဒေသ အထောက်အကူပြု အဖွဲ့အစည်း ဖွဲ့စည်းရန် အလား အလာများနှင့်ပတ်သက်၍ နှစ်ဘက်ဆွေးနွေးခဲ့ပြီး အသေးစိတ် အချက်အလက် များကို ထပ်မံညှိနှိုင်း ဆွေးနွေးကြမည်ဖြစ်ပါသည်။

ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနှင့် Stockholm Environment Institute (SEI) တို့အကြား ဧရာဝတီမြစ် အနာဂတ် ဖွံ့ဖြိုးတိုးတက်မှု “ဧရာဝတီ မြစ်ဝှမ်း ဒေသ ရေရှည် ဖွံ့ဖြိုးတိုးတက်မှု အစပျိုးဆောင်ရွက်ရေး” အတွက် ပူးပေါင်းဆောင်ရွက်ရန် သဘောတူညီချက် မှတ်တမ်း (Agreed Minute) ကို ၂၀၁၄ခုနှစ် ဇန်နဝါရီလတွင် လက်မှတ် ရေးထိုးခဲ့ကြပါသည်။ ၂၀၁၄ ခုနှစ် အတွင်းတွင် ဧရာဝတီမြစ်၏ အဓိကမြစ်လက် တက်ဖြစ်သော ချင်းတွင်းမြစ်တွင် Pilot Assessment ပြုလုပ်ခြင်းနှင့် ရေနှင့် ဆက်နွယ်သော ဌာနအဖွဲ့အစည်းများ၏ စွမ်းဆောင်ရည်မြှင့်တင်မှု လုပ်ငန်းများ အတွက် အထောက်အကူပြုရန် Hydraulic Modelling သင်တန်းနှင့် အလုပ်ရုံ ဆွေးနွေးပွဲများ၊လူထုအကြံပြုဆွေးနွေးပွဲများပူးပေါင်းကျင်းပခဲ့ပါသည်။ ပူးပေါင်း ဆောင်ရွက်မှုအတွက် ရန်ပုံငွေကို Blue Moon Fundမှ ကူညီထောက်ပံ့ပြီး SEI မှ လုပ်ငန်းအကောင်အထည်ဖော်ရန် ပူးပေါင်း ဆောင်ရွက်ခြင်း ဖြစ်ပါသည်။

   
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၊ပို့ဆောင်ရေးဝန်ကြီးဌာန၊ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ဂျပန်နိုင်ငံ Ministry of Land, Infrastructure, Transportation and Tourism(MLIT), Japan Water Agency (JWA), University of Tokyo, ဂျပန် နိုင်ငံတကာ ပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့ (JICA Office in Myanmar), Network of Asian River Basins Organization (NARBO) နှင့် ဂျပန်နိုင်ငံဆိုင်ရာ မြန်မာ သံရုံးတို့ ပူးပေါင်း၍ “သိပ္ပံနှင့် နည်းပညာ အသုံးချ မြစ်ဝှမ်းဒေသ စီမံခန့်ခွဲမှု” အလုပ်ရုံဆွေးနွေးပွဲအား (၂၄.၁၁.၂၀၁၄) နေ့တွင် နေပြည်တော်ရှိ The Royal ACE Hotel၌ ကျင်းပခဲ့ပါသည်။ အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ ပို့ဆောင်ရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဟံစိန် တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။

ဒုတိယဝန်ကြီးမှ အဖွင့်အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံရှိ မြစ်ဝှမ်း ဒေသများကို ထိရောက်စွာ စနစ်တကျ စီမံခန့်ခွဲနိုင်ရေးအတွက် အရေးပါသော နည်းပညာများ၊ အတွေ့အကြုံများ အား ဌာနအဖွဲ့အစည်းများ၊ တက္ကသိုလ်များနှင့် အစိုးရမဟုတ်သောအဖွဲ့အစည်းများအကြားဆွေးနွေးဖြန့်ဝေမှုသည်များစွာအကျိုး ရှိပါကြောင်း၊ သစ်တော ပြုန်းတီးမှု၊ သဘာဝသယံဇာတများ ပိုမိုထုတ်ယူ မှုများကြောင့် မြေဆီလွှာတိုက်စားမှုနှင့်အတူ သဲသောင်ဖြစ်ထွန်းခြင်း၊ ကမ်းပြို ကမ်းစားခြင်း၊ ရေလမ်းကြောင်း ပြောင်းလဲလာခြင်းများ တွေ့ကြုံလာရသည့် အပြင်၊ ရေအရည် အသွေးပါ ထိခိုက်လာနိုင်ပါကြောင်း၊ မြန်မာနိုင်ငံရှိ မြစ်ဝှမ်း ဒေသများ ရေရှည်တည်တံ့စေရန်အတွက် ဝိုင်းဝန်းထိန်းသိမ်း စောင့်ရှောက် ကြရန်အတွက် စဉ်းစားဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ မြစ်ချောင်းများ၏ ရေဝေရေလဲဒေသများကိုထိန်းသိမ်းရမည့်အပြင်မြစ်ဝှမ်းဒေသများတွင် အဆင့်မြင့် နည်းပညာများသုံး၍ စီမံခန့်ခွဲကြရန် လိုအပ်နေပြီဖြစ်ကြောင်း၊ ယခုအချိန်တွင် မြန်မာနိုင်ငံ၌ အမျိုးသားအဆင့် ရေအရင်းအမြစ် ကော်မတီ “National Water Resources Committee – NWRC” ကို နိုင်ငံတော်မှ ဖွဲ့စည်း၍ ဦးဆောင် ဆောင်ရွက်နေသဖြင့် ရေအရင်းအမြစ်များ ဘက်စုံ စီမံခန့်ခွဲမှုတွင် အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် ဝိုင်းဝန်းပါဝင်ဆောင်ရွက်ကြရန် တိုက်တွန်းလိုပါ ကြောင်း ပြောကြားခဲ့ပါသည်။

အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားသို့ ရေနှင့်သက်ဆိုင်သည့် ဌာနအဖွဲ့ အစည်းများမှတာဝန်ရှိသူများ၊ ကျွမ်းကျင်သူပညာရှင်များအဖွဲ့မှ ကိုယ်စားလှယ် များ၊ Japan Water Agency, NARBO, MLITတို့မှ ကိုယ်စားလှယ်များ၊ တိုကျိုတက္ကသိုလ်၊ ရန်ကုန်နည်းပညာတက္ကသိုလ်၊ မန္တလေးနည်းပညာတက္ကသိုလ်၊ ရန်ကုန်တက္ကသိုလ်၊ မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်များမှ ပါမောက္ခများ၊ ဆည်မြောင်း ဦးစီးဌာန၊ ဧရာဝတီ မြစ်ဝှမ်းဒေသ အဖွဲ့အစည်း (ARBRO)၊ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ ရေအရင်းအမြစ်နှင့်မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်း၊ ရေအရင်းအမြစ် အသုံးချရေးဦးစီးဌာနတို့အပါအဝင် ရေနှင့်ဆက်နွယ်သော ဌာနအဖွဲ့အစည်းများ၊ NGO များမှ ပညာရှင်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ပါသည်။ အလုပ်ရုံ ဆွေးနွေးပွဲတွင် ဌာနဆိုင်ရာများ၊ NGO အဖွဲ့အစည်းများနှင့် စိတ်ပါဝင်စားသူ များ စုစုပေါင်း (၈၀)ဦး တက်ရောက် ဆွေးနွေးခဲ့ကြပါသည်။

   
အမျိုးသားအဆင့် ရေအရင်းအမြစ် ကော်မတီ (NWRC) မှ ကြီးကြပ်၍ UNEP-DHI Partnership မှပူးပေါင်းကျင်းပသည့် “ရေအရင်းအမြစ်ဘက်စုံစီမံ ခန့်ခွဲမှုနှင့် Climate Change Adaptation Practices” Training of Trainers သင်တန်းကို နေပြည်တော်၊ Grand Amara Hotel, တောင်ငူ ခန်းမ၌ ကျင်းပခဲ့ရာ၊ ပို့ဆောင်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဟံစိန် တက်ရောက်၍ အဖွင့်အမှာ စကားပြောကြားခဲ့ပါသည်။

ဒုတိယဝန်ကြီးမှ အဖွင့်အမှာစကား ပြောကြားရာတွင် “မြန်မာနိုင်ငံသည် ရေအရင်းအမြစ် ပေါကြွယ်ဝသောနိုင်ငံတစ်ခု ဖြစ်ကြောင်း၊ ရေအရင်းအမြစ် ဘက်စုံစီမံခန့်ခွဲမှုသည် နိုင်ငံတစ်ခုအတွက် များစွာအရေးကြီးပြီး အခြားတိုးတက် သည့် နိုင်ငံများထံမှ လေ့လာသင်ယူရန် လိုအပ်နေဆဲဖြစ်ကြောင်း၊ ယခုအချိန်တွင် ကမ္ဘာကြီးပူနွေးလာမှု (Global Warming) နှင့်အတူ ရာသီဥတုပြောင်းလဲမှု (Climate Change) ဖြစ်စဉ်များသည် နိုင်ငံအသီးသီး၏ ရေအရင်းအမြစ်စီမံ ခန့်ခွဲမှုအတွက် ကြီးမားသည့် စိန်ခေါ်မှုများပင်ဖြစ်ပါကြောင်း၊ မိမိတို့ မြန်မာနိုင်ငံ တွင် ရေအရင်းအမြစ်များကို ထိရောက်စွာ စီမံခန့်ခွဲနိုင်ရန်အတွက် အမျိုးသား အဆင့် ရေအရင်းအမြစ်ကော်မတီနှင့် ကျွမ်းကျင်သူ ပညာရှင်များ အဖွဲ့တို့ကို နိုင်ငံတော်မှ ဖွဲ့စည်းဆောင်ရွက် စေခဲ့သည်မှာ ယခုဆိုလျှင် တနှစ်ခွဲနီးပါးရှိပြီဖြစ် ပါကြောင်း၊ ကော်မတီ၏ဆောင်ရွက်မှုဖြင့် စီမံကိန်းလုပ်ငန်း အကောင်အထည် ဖော်မှုများ တိုးတက် အောင်မြင်လျက်ရှိပါကြောင်း၊ အမျိုးသားရေမူဝါဒကို ချမှတ် နိုင်ခဲ့ပြီး ရေဥပဒေရေးဆွဲရေး အတွက်လည်း လူထုအကြံပြု ဆွေးနွေးပွဲများနှင့် ရေဥပဒေ လမ်းညွှန် မူဘောင်များ ပြုစုလျက်ရှိပါကြောင်း၊ ရေနှင့်ဆက်စပ်သည့် ဝန်ကြီးဌာနများအနေဖြင့်လည်း ပူးပေါင်းဆောင်ရွက်မှုများ ညှိနှိုင်းဆောင်ရွက်မှု များတိုးတက်လုပ်ဆောင်လာကြသည့်အတွက် မြန်မာနိုင်ငံ၏အနာဂတ် ရေအရင်း အမြစ်ဆိုင်ရာ စီမံခန့်ခွဲမှုများအတွက် အားတက်စရာ အခြေအနေများ ဖြစ်ပေါ် နေပါကြောင်း၊ ရေအရင်းအမြစ် စီမံခန့်ခွဲမှုဆိုင်ရာ အထောက်အကူပြု နည်းပညာ အဆင့်အတန်း မြင့်မားစေရန်အတွက်လည်း ပြည်တွင်း ပြည်ပသင်တန်းများ၊ အဆင့်မြင့် နည်းပညာများ၊ အသိပညာရှင် အတတ်ပညာရှင်များလည်း လိုအပ် မည်ဖြစ်ပါကြောင်း၊ သင်တန်းသူ သင်တန်းသားများ အနေဖြင့် ဆွေးနွေးပို့ချမည့် နည်းပညာဆိုင်ရာ ဘာသာရပ်များ၊ ပုံစံပြုလေ့လာမှုများ၊ IWRM လုပ်ငန်း များနှင့် ပတ်သက်၍ ပိုမိုနားလည် တတ်ကျွမ်းအောင် လေ့လာဆွေးနွေးကြစေလို ကြောင်း မိမိတို့သက်ဆိုင်ရာ ဌာနအဖွဲ့အစည်းများတွင် ပြန်လည်မျှဝေအသုံးချရန် တိုက်တွန်းလိုပါကြောင်း ပြောကြား ခဲ့ပါသည်။

ဆက်လက်၍ DHI မှ ကျွမ်းကျင်သူပညာရှင် Mr.Jan Hassing မှ ကြိုဆို နှုတ်ခွန်းဆက် စကားပြောကြားပြီး DHI ၏ လုပ်ငန်းဆောင်ရွက်မှုများ၊ နိုင်ငံ တကာနှင့် နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများနှင့်ပတ်သက်၍ ဆွေးနွေး ပြောကြားပါသည်။ ထို့နောက် ကျွမ်းကျင်သူ ပညာရှင်များ အဖွဲ့ အတွင်းရေးမှူး ဒေါက်တာ ဒေါ်ခင်နီနီသိန်းမှ မြန်မာနိုင်ငံရှိ ရေအရင်းအမြစ်ဆိုင်ရာ ကိစ္စရပ်များ နှင့် စိန်ခေါ်မှုများကို ရှင်းလင်းဆွေးနွေးပြီး ပညာရှင်များမှ ဘာသာရပ် ဆိုင်ရာ ခေါင်းစဥ်များအလိုက် ဆက်လက်ရှင်းလင်းဆွေးနွေးကြပါသည်။

သင်တန်းဖွင့်ပွဲအခမ်းအနားသို့ အမျိုးသားအဆင့် ရေအရင်းအမြစ်ကော်မတီ အတွင်းရေးမှူး နှင့် ကျွမ်းကျင်သူ ပညာရှင်များအဖွဲ့မှ အဖွဲ့ဝင်များ၊ သက်ဆိုင်ရာ ဌာနအဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ UNEP-DHI Partnership မှ ရေဘက် ဆိုင်ရာပညာရှင်များ၊ သင်တန်းသား သင်တန်းသူများ နှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များတက်ရောက်ကြပါသည်။

သုံးရက်ကြာကျင်းပခဲ့သည့်“ရေအရင်းအမြစ်ဘက်စုံစီမံခန့်ခွဲမှုနှင့် Climate Change Adaptation Practices” သင်တန်းသို့ ရေနှင့်သက်ဆိုင်သည့် ဌာန အဖွဲ့အစည်းများ၊ NGO များမှ သင်တန်းသား/သူ (၄၉)ဦး တက်ရောက်ခဲ့ပါ သည်။ သင်တန်းတွင် IWRMနှင့် Climate Change တို့နှင့် ပတ်သက်၍ သင်ခန်းစာများ၊ Modeling ပုံစံပြုလေ့လာမှုများ၊ Group discussion များ၊ Decision Support System နှင့် IWRM Principleများ ဆွေးနွေးပို့ချခဲ့ပြီး သင်တန်းဆင်း အောင် လက်မှတ်များ ပေးအပ်ခဲ့ပါသည်။